“လွိုင်လင်လေးတိုက်နယ်ဆေးရုံပြန်ဖွင့်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ”
31 Jul
ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ပိတ်ထားရတဲ့ တိုက်နယ်ကျန်းမာရေး ဌာန ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မြို့တွင်းနှင့် ကျေးရွာချင်းဆက် လမ်းတံတားတည်ဆောက်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် နှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဝန်ကြီးချုပ်က လွိုင်လင်လေး တိုက်နယ်ကျန်းမာရေးဌာနကို ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများ ပြန်လည် ပေးအပ်နိုင်ရန် ပြင်ဆင်နေတဲ့ အခြေအနေများကိုကြည့်ရှုခဲ့ပြီး ဆေးရုံအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် လွိုင်လင်လေးမြို့ အောင်တေဇရပ်ကွက်အတွင်းရှိ တော်ဝင်လမ်း ၇၄၀ ပေ နှင့် ကုက္ကိုရိပ်လမ်း ၆၀၅ ပေတို့ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ရေပြွန်များ တည်ဆောက်ခြင်းတို့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေတဲ့ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စုရှိ သပြေကုန်း-လွယ်ထွဲ ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများကိုပါ စစ်ဆေးခဲ့ပါတယ်။ ဆက်လက်ပြီး ထီရိကျေးရွာနှင့် နွားလဝိုးရွာမကျေးရွာတို့ရှိ မိုးစပါးနှင့်မြေပဲစိုက်ခင်းများ သဘာဝမြေဩဇာနှင့် ကျောက်မှုန့်ရောစပ် ပက်ဖြန်းတဲ့ နည်းပညာသရုပ်ပြပွဲများနှင့် စိုက်ပျိုးရေပေးဝေလျက်ရှိတဲ့ နွားလဝိုးရေလှောင်ကန် ရေထိန်းတံခါး ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)