“ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test ကို ကျင်းပပေးမည်”

31 Jul

ကျောင်းပြင်ပရောက် ကျောင်းသား၊ကျောင်းသူများ ပညာရေးဆက်လက်သင်ယူနိုင်စေရန် ရည်ရွယ်၍ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) အစီအစဉ်များအတွက် အတန်းနေရာချထားစစ်ဆေးမှု (Placement Test)ကို လာမည့်ဩဂုတ်လ ၉ ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ Placement Test က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေတဲ့ သက်လွန်ကျောင်းသား၊ ကျောင်းသူများပညာရေးလမ်းကြောင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အထူးအစီအစဉ်အဖြစ် ကျင်းပခြင်း ဖြစ်ပါတယ်။ လျှောက်ထားသူများအနေနဲ့ NFPE အစီအစဉ်အတွက် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း နှင့် NFME အစီအစဉ်အတွက် အသက် ၁၃ နှစ်မှ ၂၁ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ စိစစ်၍ ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဖြေဆိုလိုသူများအနေနဲ့ ပညာရေးဆိုင်ရာ ထောက်ခံချက်များ သို့မဟုတ် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်များမှ အမှန်တကယ် ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ အသက်အထောက်အထားတို့နှင့်အတူ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများ၌ စာရင်းပေးသွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။ အတန်းနေရာချထားစစ်ဆေးမှုကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးများ သတ်မှတ်ပေးတဲ့ စာစစ်ဌာနများမှာ ဩဂုတ်လ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်ပညာရေးမှူးရုံးများတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .