“လျှပ်စစ်မီတာ အသစ်များကို website မှတစ်ဆင့် လျှောက်ထားနိုင်မည်”
31 Jul
လျှပ်စစ်ဓာတ်အား သုံးစွဲလိုပေမယ့် မီတာမရှိသေးတဲ့ မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမယ့်ဩဂုတ်လ ၁၅ ရက်မှစတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့်စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် မီတာများ လျင်မြန်စွာရရှိနိုင်ရေး၊ ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ အချိန်နှင့်စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများကို စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားတဲ့ တရားဝင်အခကြေးငွေများကိုသာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အဆိုပါကျသင့်ငွေများကို မည်သည့်အပိုကုန်ကျစရိတ်မျှ ထပ်မံပေးဆောင်ရန်မလိုဘဲ သတ်မှတ်ထားတဲ့ Account သို့ Online မှတစ်ဆင့် တိုက်ရိုက် ပေးသွင်းရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)