“ဖီဖာက ရှယ်ယာတွေရောင်းချဖို့စီစဉ်နေကြောင်း သတင်းထွက်လာခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မယ့် UEFA”
30 Jul
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ဖီဖာက ကျင်းပနေတဲ့ ပြိုင်ပွဲတွေရဲ့ ရှယ်ယာ တွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေထံ ရောင်းချဖို့စီစဉ်နေကြောင်း သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ပတ်သက်နေတဲ့သူတစ်ဦး ဦးဆောင်နေတဲ့ ကုမ္ပဏီကို ရှယ်ယာများ ရောင်းချဖို့ စီစဉ်နေခြင်းဖြစ်ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို အနေနဲ့ ပေါင်သန်းဆယ်ဂဏန်း အကျိုးအမြတ်ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖီဖာကတော့ ဘောလုံးဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ပိုမိုရရှိလာဖို့ ရည်ရွယ်ခြင်းဖြစ်ပြီး အကျိုးအမြတ်ကို အဖွဲ့ဝင်နိုင်ငံအားလုံး ခံစားရမှာဖြစ်ကြောင်း၊ ရှယ်ယာအနည်းငယ်ကိုသာ ရောင်းထုတ်သွားမှာ ဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ဖီဖာက ရှယ်ယာတန်ဖိုး ပေါင် ၁၅ ဘီလီယံဝန်းကျင် ရောင်းချဖို့ စီစဉ်နေခြင်းဖြစ်ပြီး UEFA က အခုအစီအစဉ်ကို ဆန့်ကျင်ဖို့အတွက် အရေးပေါ်အစည်းအဝေး ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင် က ဖီဖာအနေနဲ့ ဘယ်တော့မှ မကျော်ဖြတ်သင့်တဲ့ စည်းကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ဘောလုံးရဲ့ အနှစ်သာရနဲ့ အုပ်ချုပ်မှုဟာ အရောင်းအဝယ်လုပ်ရမယ့်ပစ္စည်းမဟုတ်ကြောင်း ပြစ်တင်ပြောကြားခဲ့ပါတယ်။ (NVS 008)