“ကယားပြည်နယ်မှာ ၅ နှစ်ကျော် သက်တမ်းလွန်မော်တော်ယာဉ်နှင့်ဆိုင်ကယ်များကို မှတ်ပုံတင်ပေးမည်”

30 Jul

ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေတဲ့ မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများတင်ပြလာပါက ပြည်သူများအဆင်ပြေစေရေးနှင့် နစ်နာမှုမရှိ စေရေးအတွက် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူ က ပြောကြားခဲ့ပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးမှာ ဒီးမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မော်မော်ခိုင် ၏ ကယားပြည်နယ်အတွင်းရှိ ၅ နှစ်ကျော် သက်တမ်းလွန်မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၏ လိုင်စင်သက်တမ်း ပြန်လည်တိုးမြှင့်ပေးရေးနှင့်ပတ်သက်တဲ့ မေးခွန်းကို ဒုတိယဝန်ကြီးက ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယဝန်ကြီးက ကယားပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ် ၂,၇၅၅ စီးနှင့် မော်တော် ဆိုင်ကယ် ၂၉,၆၆၅ စီးရှိပြီး စုစုပေါင်း ၃၂,၄၂၀ စီးအနက် ၅ နှစ်ကျော် သက်တမ်းလွန်နေတဲ့ ယာဉ်များကို သက်ဆိုင်ရာ အထောက်အထားများနှင့်အညီစိစစ်ပြီး ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ အရ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းတိုး မှတ်ပုံတင်ခြင်းကို တစ်ဆက်တစ်စပ်တည်း ငါးနှစ်အထိပျက်ကွက်ပါက ယာဉ်မှတ်ပုံတင်ကို ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ သို့သော်နယ်မြေဒေသအခြေအနေများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သက်တမ်းလွန် နေတဲ့ယာဉ်များကို ပြန်လည်လျှောက်ထားလိုသူများအနေနဲ့ တိုက်ပွဲရှောင်နေထိုင်ခဲ့တဲ့ဒေသရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ခိုင်လုံသောထောက်ခံချက်၊ မော်တော်ယာဉ် သို့မဟုတ် မော်တော်ဆိုင်ကယ် မှတ်ပုံတင် စာအုပ်နှင့် မှတ်ပုံတင်သက်သေခံလက်မှတ်တို့ကို တင်ပြရမည်ဖြစ်ကြောင်း၊ ထိုအထောက်အထားများကို အခြေခံ၍ ယာဉ်နှင့် ယာဉ်မှတ်တမ်းများ မှန်ကန်မှုရှိ၊ မရှိ စိစစ်ပြီး ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ကယားပြည်နယ်က မြို့နယ် ၇ မြို့နယ်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၃၀၀,၀၀၀ ခန့် နေထိုင်တဲ့ ပြည်နယ်ငယ်တစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)

30 Jul

ADVERTISE HERE .