“ဒီဇယ်ဆီနှင့်သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် အခွန်ကင်းလွတ်ခွင့်သုံးလ ထပ်မံတိုးမြှင့်ပေး”
30 Jul
ဒီဇယ်ဆီနှင့်သဘာဝဓာတ်ငွေ့ရည်(Liquefied Natural Gas)အပေါ် အခွန်ကင်းလွတ်ခွင့် သုံးလထပ်မံ တိုးမြှင့်ရန် ဇူလိုင်လ ၂၈ ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးမှာ ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့အား ၂၀၂၆ ခုနှစ် ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လတို့အတွက် သုံးလထပ်မံ၍ တိုးမြှင့်ခွင့်ပြုနိုင်ရေး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟန်ဝင်းအောင် က ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအများဆုံး အသုံးပြုရတဲ့ ဒီဇယ်ဆီ HSD(500 ppm)အပေါ်ကောက်ခံတဲ့ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝ ဓာတ်ငွေ့ရည်(LNG)အပေါ်ကောက်ခံတဲ့ ကုန်သွယ်လုပ်ငန်းခွန်တို့ကို မေလ ၁ ရက်မှစတင်ပြီး ကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နဲ့ ကင်းလွတ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်က ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ဒီဇယ်ဆီအပေါ် အခွန်ကင်းလွတ်ခွင့်ပြုခဲ့တဲ့ ပမာဏမှာ ကျပ် ၈၄ ဘီလီယံခန့်နှင့် ၂၀၂၆ ခုနှစ်မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သဘာဝဓာတ်ငွေ့ရည်(LNG) အပေါ်အခွန်ကင်းလွတ်ခွင့်ပြုခဲ့တဲ့ပမာဏမှာ ကျပ် ၅ ဘီလီယံခန့်ရှိပြီး စုစုပေါင်း ငွေကျပ် ၈၉ ဘီလီယံခန့် ရှိခဲ့ပါတယ်။ အခုလိုအခွန်ကင်းလွတ်ခွင့်ပြုခဲ့တဲ့အတွက် စိုက်ပျိုးရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတို့အတွက် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည်အတွက် ကုန်ကျစရိတ် ကို လျှော့ချပေးနိုင်ခဲ့ပြီး အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုနှင့် လျော့ကျမှုရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါတယ်။ ယခုကာလမှာ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြည်သူလူထု၏ နေ့စဉ်လူနေမှု ဘဝများ အဆင်ပြေချောမွေ့ရေးနှင့် ကုန်စည်ဈေးနှုန်း ဆက်လက်ထိန်းညှိပေးနိုင်ရန်အတွက် ဒီဇယ်ဆီနှင့် သဘာဝ ဓာတ်ငွေ့ရည်အပေါ် အခွန်ကင်းလွတ်ခွင့်ထပ်မံတိုးမြှင့်ပေးရန် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ရှင်းလင်းတင်ပြခဲ့ ပါတယ်။ အဆိုပါအခွန်ကင်းလွတ်ခွင့် တိုးမြှင့်ရေးနှင့်ပတ်သက်၍ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ထောက်ခံဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၂၃ မဲ၊ ကန့်ကွက်မဲ ၃ မဲနှင့် ကြားနေမဲ ၂ မဲတို့ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)