“နိုင်ငံတော်မှ ရှေးဟောင်းအဆောက်အအုံ ၆,၁၀၅ လုံးအထိ သတ်မှတ်ထိန်းသိမ်းထား”
30 Jul
နိုင်ငံတော်မှ ရှေးဟောင်းအဆောက်အအုံအဖြစ် အဆောက်အအုံပေါင်း ၆,၁၀၅ လုံးအထိ သတ်မှတ် ထိန်းထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့မှာ ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၎င်းအဆောက်အအုံနှစ်ခုအပါအဝင် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ပြီးစီးတဲ့ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆ ခု ရှိပြီဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ၏ ပြောကြားချက်အရ သိရပါတယ်။ နိုင်ငံတော်အနေနဲ့ ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာတန်ဖိုးမြင့်မားတဲ့ နှစ် ၁၀၀ နှင့် အထက် ရှိသော သက်တမ်းရင့် အဆောက်အအုံများကို ဥပဒေအရ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်အထိ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံပေါင်း ၅,၇၀၈ လုံး ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် မှစ၍ ယခုအချိန်အထိ ဥပဒေအရနှစ် ၁၀၀ နှင့်အထက် သက်တမ်းရှိပြီး နိုင်ငံတော်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားရန် လိုအပ်တဲ့အဆောက်အအုံများကို ဥပဒေအရအမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၃၉၇ လုံးကို ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ရှေးဟောင်းအဆောက်အအုံစုစုပေါင်း ၆,၁၀၅ လုံးအထိ သတ်မှတ် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)