“ခေတ္တငြိမ်သက်နေခဲ့တဲ့ အမေရိကန်နှင့်အီရန် ပဋိပက္ခ ပြန်လည်အရှိန်မြင့်တက်လာ”
30 Jul
ခေတ္တငြိမ်သက်နေခဲ့တဲ့ အမေရိကန်နဲ့အီရန်ကြား စစ်ရေးတင်းမာမှုတွေ ပြန်လည်အရှိန်မြင့်တက်လာပြီး အပြန်အလှန်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားနေပါတယ်။ အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်ကြောင်း အတည်ပြု လိုက်ပါတယ်။ ဂျော်ဒန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ငါးစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ပူးပေါင်းပြီး အီရတ်အရှေ့ပိုင်းရှိ အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေရဲ့စခန်းတွေကို လေကြောင်းမှတုံ့ပြန်တိုက်ခိုက်ရာ ပြည်သူ့စစ်အဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဟော်မုရေလက်ကြားကို ပူးတွဲ ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အိုမန်နိုင်ငံနဲ့ အီရန်တို့ကြားဆွေးနွေးမှုမှာ သဘောထားကွဲလွဲနေတာကြောင့် လုံခြုံရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ပိုမိုမြင့်တက်လျက်ရှိနေကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။