“ဂျပန်နိုင်ငံရှိ အေရွန်ဈေးဝယ်စင်တာတွင် ငလျင်လှုပ်ခတ်ပြီး ပေါက်ကွဲမှုဖြစ်”
30 Jul
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စု ကာရှီမာမြို့ရှိ အေရွန်ဈေးဝယ်စင်တာတွင် ပြင်းအားမဂ္ဂနီကျု ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်အပြီး ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မီးနှင့်သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီက ဇူလိုင်လ ၂၉ ရက်တွင် ပြောကြားသည်။ ပေါက်ကွဲမှုကြောင့် အဆိုပါဈေးဝယ်စင်တာဒုတိယထပ် ပြိုကျခဲ့သည်။ အဆိုပါ ပေါက်ကွဲ မှုတွင် ဈေးဝယ်စင်တာအတွင်းရှိ ဒေသခံသုံးဦးသေဆုံးပြီး အများအပြားပိတ်မိနေကြောင်း ဝန်ကြီးချုပ် တာကာချီ ဆာနေး က ပြောကြားသည်။ ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် ၁၃ ဦး သေဆုံးကြောင်း ဝန်ကြီးချုပ် တာကာချီ ဆာနေးက ပြောကြားသည်။ ဈေးဝယ်သူများ၊ ဆိုင်လုပ်သားများနှင့် အခြားသူများ စုစုပေါင်း ၂၀၀ အား ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပြီးသည့်အချိန်တွင် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါငလျင်လှုပ်ခတ်မှုအတွင်း ဗီယက်နမ်နိုင်ငံသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဂျပန်နိုင်ငံရှိ ဗီယက်နမ်သံရုံး၏ အလုပ်သမားစီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကူမာမိုတို စီရင်စုရှိ ကူမာမိုတိုဟီတိုဇူကူရီ သမဝါယမ၏ နည်းပညာဆိုင်ရာ အလုပ်သင်သင်တန်းအစီအစဉ်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျခဲ့သည့် ကရိန်းအောက်တွင် ပိတ်မိရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။ နောက်ထပ်ဖြစ်ရပ်တစ်ခုတွင် ကူမာမိုတိုစီရင်စု ယူကီမြို့တွင် နေထိုင်သော ဗီယက်နမ် အမျိုးသမီးသည် ငလျင်လှုပ်ခတ်စဉ် ၎င်း၏အိမ်နံရံပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။