“အီတလီအသင်း နည်းစနစ်ဒါရိုက်တာနှင့် အားကစားဒါရိုက်တာတို့ ရာထူးမှနုတ်ထွက်”

29 Jul

အီတလီအသင်း နည်းစနစ်ဒါရိုက်တာ မာဒီနီ နှင့် အားကစားဒါရိုက်တာ လီယိုနာဒို တို့က အီတလီနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အီတလီအသင်းနည်းပြသစ် ခန့်အပ်မည့်အစီအစဉ်ကို ဖျက်သိမ်းပြီးနောက် သက်ဆိုင်ရာ ရာထူးများလက်ခံပြီး ရက်ပိုင်းအတွင်းပင် နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အီတလီနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၁၈ ၊ ၂၀၂၂ နှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်ဆက် ဝင်ခွင့်လွဲချော် ပြီးနောက် အသင်းကို ကြီးကြီးမားမား အပြောင်းအလဲလုပ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး ယခုလဆန်းပိုင်းက အသင်းနည်းစနစ် ဒါရိုက်တာအဖြစ် မာဒီနီ၊ အသင်းအားကစား ဒါရိုက်တာအဖြစ် ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာဟောင်း လီယိုနာဒို တို့ကို ခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မာဒီနီ နှင့် လီယိုနာဒို တို့က လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် အီတလီအသင်း ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်သည့် ပီယာလို အား ၂၀၃၀ ပြည့်နှစ်အထိ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ သော်လည်း အီတလီဘောလုံးအဖွဲ့ချုပ်က နည်းပြ ပီယာလို အား ခန့်အပ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ နည်းပြ ပီယာလို အနေနဲ့ လောင်းကစားကုမ္ပဏီတစ်ခုတွင် သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်က နည်းပြ ပီယာလို အား ခန့်အပ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ၎င်းဖြစ်စဉ်ကြောင့် မာဒီနီ နှင့် လီယိုနာဒို တို့ကလည်း အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် များအပေါ် ကျေနပ်မှုမရှိခဲ့လို့ ရာထူးမှ အသီးသီးနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

29 Jul

ADVERTISE HERE .