“ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်းချက်များကို ORTP ထုတ်ပြန်”
29 Jul
ရထားခရီးစဉ်များ စီးနင်းသူခရီးသည်များအနေနဲ့ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းစည်းကမ်းချက်များမှာ- (၁) ရထားပေါ်တွင်ပါရှိသော အရေးပေါ်ကိရိယာကို ခိုင်လုံသောအကြောင်းမရှိဘဲ အသုံးပြုခြင်း မပြုရန်။ (၂) ရထားရှိ ဆက်သွယ်ရေးစနစ်နှင့် ပစ္စည်းကိရိယာကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း မပြုရန်။ (၃) ရထား စတင်ထွက်ခွာစဉ် ရထားပေါ်သို့ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီ ခုန်ဆင်းခြင်းမပြုရန်။ (၄) ရထားအမိုး၊ အကာ၊ ခြေနင်း၊ တွဲများအကြားနှင့် သတ်မှတ်ခွင့်ပြုချက်မရှိသော နေရာများပေါ်တွင် စီးနင်းလိုက်ပါခြင်း မပြုရန်။ (၅) ရထားပေါ်တွင် အခြားသူကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောင့်အယှက်ပေးခြင်း မပြုရန်။ (၆) ရထားပေါ်နှင့် ရထားနယ်နိမိတ်အတွင်း တောင်းရမ်းစားသူ၊ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသူ သို့မဟုတ် နေထိုင်သူအား ထွက်ခွာသွားရန် တာဝန်ရှိရထားဝန်ထမ်းက ညွှန်ကြားသည်ကို ငြင်းဆန်ခြင်းမပြုရန်။ (၇) တာဝန်ရှိသူ ရထားဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း သို့မဟုတ် အနိုင်ထက်ပြုခြင်း မပြုရန်။ (၈) ရထားလမ်းနှင့် ကားလမ်း ဖြတ်သန်းသည့်နေရာ၌ ရထားလာသည့်အခါ ဂိတ်ပိတ်ထားသည်ကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်း၊ ရထားဖြတ်သန်းပြီးသည့်အခါ ဂိတ်ဖွင့်ထားသည်ကို ပိတ်ခြင်းမပြုရန်။ (၉) ဆေးလိပ်သောက်ခွင့်မရှိသော ဘူတာနေရာများ၊ တွဲများပေါ်တွင် ဆေးလိပ်သောက်ခြင်း မပြုရန်။ အထက်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ အနည်းဆုံး ငွေကျပ် ၁၀,၀၀၀ မှ အများဆုံး ကျပ် ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားရှိပါတယ်။(NVS 008)