“နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား”
29 Julမြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)တွင် ဇူလိုင်လ ၂၈ ရက်မှာ ကျင်းပခဲ့သည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း၊ ဂျပန်နိုင်ငံ Ingo Peace၊ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်နှင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နိုင်ရေးတို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျပန်-မြန်မာ နှစ်နိုင်ငံပြည်သူတွေအကြား နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံ ခဲ့ကြတဲ့နိုင်ငံတွေဖြစ်ပြီး စီးပွားရေးတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုမှာ အဆင့်(၆)၊ ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၉)အထိရှိတဲ့ နိုင်ငံဖြစ်ကြောင်း၊ သီလဝါစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြင့်မားကြောင်း ပြောကြားခဲ့ပါတယ်။ စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများနဲ့ပတ်သက်ပြီး လာရောက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပံ့ပိုးပေးနိုင်မည့် မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ MoU လေးခုကို လက်မှတ်ရေးထားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခုကျင်းပတဲ့ စီးပွားရေးဖိုရမ်သို့ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၉၄ ဦးနဲ့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး လုပ်ငန်းရှင် ၃၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 008)