“မြန်မာ-ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား”
29 Jul
မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ ပူးပေါင်း ကျင်းပသည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို ဇူလိုင်လ ၂၈ ရက်နံနက်ပိုင်းတွင် မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)တွင် ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကအရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အထူးသဖြင့် သီလဝါအထူးစီးပွားရေးဇုန်သည် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှု၏ ထင်ရှားသည့်ပြယုဂ်တစ်ခုဖြစ်ပြီး စက်မှုဇုန်၊ ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဝန်ဆောင်မှု ကဏ္ဍတို့တွင် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ဘီလီယံပေါင်းများစွာ လာရောက်ရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရှိရကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံ ၂၁ နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုမ္ပစီစုစုပေါင်း ၁၂၆ ခုကို ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးထားပြီး စုစုပေါင်းအနေဖြင့် အမေရိကဒေါ်လာ သန်းပေါင်း ၂၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများအတွက် လျှပ်စစ်စွမ်းအင် တည်ငြိမ်စွာရရှိရေးနှင့် One-Stop Service အပါအဝင် လုပ်ငန်းလည်ပတ်မှုများကို ပိုမိုချောမွေ့လွယ်ကူစေရန် အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့အပြင် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များနှင့် ချိတ်ဆက်ပြီး ကုန်ကြမ်းကွင်းဆက်ခိုင်မာစေရေးအတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိနေကြောင်း၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ သူများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့်လုပ်ငန်းများအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုမည့် အဆင့်မြင့်နည်းပညာကဏ္ဍ များတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံပေးကြရန် ဖိတ်ခေါ်လိုကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးအောင်ကျော်ဟိုး၊ ဒေါက်တာ ကံဇော်၊ ဦးထိန်လင်း၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးမျိုးသန့်၊ ဦးမောင်မြင့်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်နိုင်ငံ Ingo Peace ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki နှင့် ထိပ်တန်းဂျပန်ကုမ္ပဏီများမှ အကြီးအကဲများ၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် မြန်မာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။(NVS 008)