“ဝါဆိုလပြည့်နေ့နှင့် ဝါတွင်းပထမရက်တို့၌ ထိုင်းနိုင်ငံတစ်ဝန်း အရက်ရောင်းချမှုတားမြစ်”
29 Jul
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့နဲ့ ဝါတွင်းကာလ ပထမဆုံးရက်ဖြစ်တဲ့ ဝါဆိုလပြည့်ကျော် ၁ ရက်တို့တွင် ထိုင်းနိုင်ငံတစ်ဝန်း အရက်သေစာရောင်းချမှုကို တားမြစ် ထားတယ်လို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ပြည်သူများနဲ့ စီးပွားရေးလုပ်ငန်းများထံပေးပို့တဲ့ သတိပေးအကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ပြက္ခဒိန်အရဆိုရင် ဝါဆိုလပြည့်နေ့နဲ့ ဝါဆိုလပြည့်ကျော် ၁ ရက်တို့က ဇူလိုင်လ ၂၉ ရက်နဲ့ ၃ဝ ရက်မှာ ကျရောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေအရခွင့်ပြုပေးထားတဲ့ နေရာတွေကလွဲလို့ ကျန်တဲ့ကုန်စုံဆိုင်တွေ၊ စတိုးဆိုင်တွေ၊ သာမန် စားသောက်ဆိုင်တွေက အဲဒီနှစ်ရက်တာကာလမှာ အရက်သေစာရောင်းချခွင့်မရှိပေမယ့် အပြည်ပြည်ဆိုင်ရာလေဆိပ်လို နေရာတွေ၊ ပြည်ပဧည့်သည်တွေရှိရာ ဖျော်ဖြေရေးနေရာတွေ၊ ဟိုတယ်လိုနေရာတွေ၊ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်အရ ပြုလုပ်ကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာတော့ အရက်သေစာကို ရောင်းဝယ်ဖောက်ကားခွင့်ရှိမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီး ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များမှာ အခုလိုမျိုးပဲ အရက်သေစာရောင်းချခွင့်ကို တားမြစ်ထားပါတယ်။ ပြစ်မှုကျူးလွန်သူများရှိပါက ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေအဖြစ် ဘတ် ၁၀,၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။