“တရုတ်နှင့်အိန္ဒိယတို့ နယ်စပ်ကုန်သွယ်ရေး ပြန်စမည်”
29 Julတရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကြားမှာ နယ်စပ်ကုန်သွယ်ရေးကို ရပ်ဆိုင်းထားခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီ ဖြစ်ပါတယ်။ အခုတော့ နှစ်နိုင်ငံကြားနယ်စပ်ကုန်သွယ်ရေးကို ဩဂုတ်လ ၁ ရက်မှာ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။ အခုလိုမျိုး နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်နိုင်ခြင်းက အာရှဒေသရဲ့ အင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာပြီလို့ဆိုနိုင်တဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ၎င်းနှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးကို ရပ်ဆိုင်းထားခဲ့တာက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်မှာ စတင်ခဲ့ပြီး ယခုဆိုရင် ခြောက်နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ မကြာခင် ပြန်လည်စတင်မယ့် နယ်စပ်ကုန်သွယ်ရေးကို နာသူလာလမ်းကြောင်း ကတစ်ဆင့် လုပ်ဆောင်မှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို နှစ်နိုင်ငံမှတာဝန်ရှိသူများ တက်ရောက်သွားမယ်လို့ဆိုပါတယ်။ နာသူလာလမ်းကြောင်းဆိုတာ ပိုးလမ်းမကြီးပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။ ပိုးလမ်းမဆိုတာကလည်း အာရှ ဒေသကို အနောက်အာရှဒေသ၊ ဥရောပဒေသတို့နဲ့ ချိတ်ဆက်ပေးတဲ့ သမိုင်းဝင်ကုန်သွယ်ရေးလမ်းမကြီးတစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကြားမှာ နယ်စပ်ရေးရာကိစ္စနဲ့ပတ်သက်လို့ ပဋိပက္ခဖြစ်ပွားမှုတွေ ရှိခဲ့ပေမယ့်လည်း နှစ်နိုင်ငံခေါင်းဆောင်များရဲ့ အမြော်အမြင်ရှိမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံတိုးမြှင့်သွားနိုင်ရေးအတွက် အခုလို ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ လေ့လာသူများက မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။