“စားသုံးဆီကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း”
28 Jul
ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင်လ ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် က တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုး ကွင်းဆက်တစ်လျှောက် အားပေးမြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါးကိုဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ်နိုင် ပေမယ့် စားဆီဖူလုံမှုမရှိသေးတဲ့ ဒေသတစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းဒေသကြီးအတွင်း စားဆီဖူလုံမှုရရှိအောင် ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရာတွင် တောင်သူများအတွက် လိုအပ်တဲ့ မျိုးကောင်း၊ မျိုးသန့်များ ရရှိရေး၊ အရည်အသွေးပြည့်ဝတဲ့ သွင်းအားစုများ အသုံးပြုနိုင်ရေးနှင့် စီးပွားရေးတွက်ချေကိုက်မှုရှိတဲ့ ဈေးနှုန်းများ ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဆီကုန်သည်များ၊ ဆီစက်ပိုင်ရှင်များ၊ ဌာနဆိုင်ရာများ အားလုံးပါဝင်ပြီး ခရိုင်အလိုက်အုပ်စု ၈ ခုခွဲခြား၍ အုပ်စုအလိုက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် မှုများ၊ မျိုး၊ သွင်းအားစုရယူသုံးစွဲမည့် အခြေအနေများ၊ ဆီထွက်သီးနှံရောင်းချနိုင်မှုအခြေအနေများ၊ ဆီစက်များမှ ဝယ်ယူ ကြိတ်ခွဲမှု၊ ဈေးကွက်နှင့်ဈေးနှုန်းအခြေအနေများကို စကားဝိုင်းဆွေးနွေးနေမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)