“နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းဖွင့်လှစ်၊ အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ထိရောက်စွာအသုံးချရန်တိုက်တွန်း”
28 Jul
နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA)က ဆောင်ရွက်ပြီးစီးခဲ့တဲ့ နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နံနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီမှာ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာအာကာသနည်းပညာဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ ကောလိပ်များ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက MAH-1 Earth Remote Sensing (ERS) ဂြိုဟ်တုပုံစံငယ်၊ MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေးစနစ်၊ ကမ္ဘာမြေအဝေးမှ အာရုံခံနည်းပညာအသုံးချစနစ်နှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သုံးဖက်မြင်မြေပုံ အချက်အလက်များကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ်၊ အာကာသနည်းပညာ၌ ဉာဏ်ရည်တုနည်းပညာ အသုံးပြုမှု၊ အဆင့်မြင့်စက်ရုပ်စနစ်၊ နေအာရုံခံကိရိယာ၊ ဂြိုဟ်တုရွေ့လျားမှုထိန်းချုပ်ရေးစနစ်၊ အာကာသရာသီဥတု နှင့် အာကာသအခြေအနေ စောင့်ကြည့်လေ့လာရေးစနစ်၊ ကမ္ဘာအနီး အာကာသအန္တရာယ် အလိုအလျောက်ကြိုတင် သတိပေးစနစ်တို့ကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက “MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC)” ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က မြန်မာတစ်နိုင်ငံလုံး၏ သုံးဖက်မြင်မြေပုံအချက်အလက်များကို နိုင်ငံတော်သမ္မတထံ အပ်နှံတင်ပြခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက မြန်မာအာကာသအေဂျင်စီဖွဲ့စည်းတည်ထောင်ပြီး နည်းပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာခြင်းက နိုင်ငံတော်၏ အာကာသနည်းပညာဆိုင်ရာရည်မှန်းချက် တစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယနေ့ကမ္ဘာကြီးက နေ့စဉ်နှင့်အမျှတိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာကို မဖြစ်မနေသိရှိ နားလည်ရန်နှင့် နိုင်ငံအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မြေပြင်အခြေအနေပြောင်းလဲမှု၊ မီးတောင် ပေါက်ကွဲမှုနှင့် ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်များကို ဂြိုဟ်တုနည်းပညာဖြင့် အသေးစိတ်လေ့လာ နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ မြေပြင်မှရရှိတဲ့ အချက်အလက်များကို ဂြိုဟ်တုမှရရှိတဲ့ အချက်အလက်များနှင့် ပေါင်းစပ်အသုံးချပါက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများ စေလွှတ်နိုင်ရေးကို ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ခြင်းက နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သကဲ့သို့ ရရှိလာမည့် အသိပညာ၊ နည်းပညာနှင့် အချက်အလက်များသည်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ရန်လိုအပ်ပြီး သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒအပါအဝင် အခြေခံသိပ္ပံဘာသာရပ်များကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ အာကာသဆိုင်ရာပြိုင်ပွဲများနှင့် ပြပွဲများကျင်းပခြင်း၊ အာကာသပြတိုက်ကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ခြင်းတို့ဖြင့် လူငယ်များ၏ စိတ်ဝင်စားမှု မြင့်တက်လာအောင် ဆောင်ရွက်ရန်လည်း မှာကြားခဲ့ပါတယ်။ အခမ်းအနားအပြီးမှာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပထမဆုံးအာကာသယာဉ်မှူးများအဖြစ် တာဝန် ထမ်းဆောင်နိုင်ရန် ပဏာမရွေးချယ်ထားသည့် အာကာသယာဉ်မှူးလောင်းများနှင့် တွေ့ဆုံခဲ့ပြီး အာကာသယာဉ်မှူး လောင်းများအနေနဲ့ ကျန်းမာကြံ့ခိုင်ရေးကို စနစ်တကျထိန်းသိမ်းပြီး ဘာသာစကားကျွမ်းကျင်မှု၊ အာကာသဆိုင်ရာ အသိပညာနှင့် ခေတ်မီနည်းပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်း မှာကြားခဲ့ပါတယ်။ (NVS 008)