“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရွေးချယ်ပွဲတွင် ယူဂန်ဒါဝါရင့်သံတမန်လည်း ပါဝင်လာ”
28 Jul
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲ၌ ယူဂန်ဒါထိပ်တန်းသံတမန် အိုလာရာအိုတွန်နူ လည်း ပါဝင် လာကြောင်း ဇူလိုင်လ ၂၆ ရက် သတင်းများတွင် ဖော်ပြထားသည်။ အိုလာရာအိုတွန်နူသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရွေးချယ်ပွဲ၌ ပါဝင်လာသည့် သတ္တမမြောက် နိုင်ငံတကာထိပ်သီးသံတမန် ဖြစ်သည်။ အိုလာရာ အိုတွန်နူ သည် ကုလသမဂ္ဂကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ အိုလာရာအိုတွန်နူ ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရွေးချယ်တင်မြှောက်ပွဲအတွက် ယူဂန်ဒါနိုင်ငံက ဇူလိုင်လ ၂၄ ရက်တွင် အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ငါးနှစ်သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် ရာထူးမှ အနားယူမည် ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်ရွေးချယ်ပွဲ၌ အနိုင်ရသူသည် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အန်တိုနီယိုဂူတာရက်စ် ၏အရိုက်အရာကို စတင်ရယူရမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။