“ဂါဇာကမ်းမြောင်အတွင်းသို့ နိုင်ငံတကာတပ်ဖွဲ့ ဝင်ရောက်ခွင့်ပေးရန် အစ္စရေး သဘောတူ”

28 Jul

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာကမ်းမြောင်ပဋိပက္ခ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ပါ အဆိုပြုချက်အရ နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည် ဖြစ်ကြောင်း အစ္စရေးအစိုးရတာဝန်ရှိသူတစ်ဦး က ဇူလိုင်လ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ယာဟု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ မသွားရောက်မီတစ်ရက်အလိုတွင် အစ္စရေး တာဝန်ရှိ သူများက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့များကို ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ဝင်ရောက်ခွင့်ပေးထားသည့် ဥပဒေမူဘောင်တစ်ရပ်ကို အစ္စရေးအစိုးရလုံခြုံရေးအဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် အတည်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဝါရှင်တန်ခရီးစဉ်ကို ဇူလိုင်လ ၂၇ ရက်တွင် စတင်မည်ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအစီအစဉ်တွင် တပ်ဖွဲ့ဝင်ဦးရေ ၂၀၀ ပါ ဂါဇာ ကမ်းမြောင်ဒေသတည်ငြိမ်ရေးနိုင်ငံတကာတပ်ဖွဲ့ကို အစ္စရေးထိန်းချုပ်မှုအောက်၌ မရှိသော နယ်မြေများတွင်ချထားရန် အဆိုပြုထားသည်။ နိုင်ငံတကာတည်ငြိမ်မှုထိန်းသိမ်းရေးတပ်တွင် နိုင်ငံစုံတပ်ဖွဲ့ဝင်များအပြင် မော်ရိုကို၊ ယူဂန်ဒါ စသည့် နိုင်ငံတို့မှတပ်ဖွဲ့ဝင်များပါဝင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

28 Jul

ADVERTISE HERE .