“မိုင်းနားအခြေပြု ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအား ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားမည်”

27 Jul

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားအခြေပြု ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအား နယ်စပ် ကုန်စည်စီးဆင်းမှုများ အရှိန်အဟုန်မပျက် စီးဆင်းနိုင်ရေး၊ နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိရေး၊ တရားမဝင် ကုန်စည်စီးဆင်းမှုများ ပပျောက်စေရေးအတွက် စနစ်တကျဖြင့် လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် ဆွတ်ဘွမ် ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းအတွင်း၌ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်သည် ဒေသတွင်းထွက်ရှိသော တစ်သျှူးငှက်ပျောအပါအဝင် အခြား သီးနှံများအား တရုတ်နိုင်ငံသို့တင်ပို့ရာ အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းအား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် အသင်း/အဖွဲ့များမှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၂၆ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရာတွင် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကို မိုင်းနားအခြေပြု နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် ရွှေမိုးတောင်ခြေတွင် ယာယီစစ်ဆေးရေးရုံးဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိသော်လည်း ယခုအခါ မိုင်းနားကျေးရွာ-ဝေပါကျေးရွာ-ဝါရှောင်ကျေးရွာ ၁၃ ကီလိုသွား လမ်းမကြီးဘေးတွင်တည်ရှိပြီး ကုန်စည် စစ်ဆေးကြပ်မတ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်သော မြေဧရိယာငါးဧကကျော် အကျယ်အဝန်း ရှိသည့် ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ (NVS-004)

27 Jul

ADVERTISE HERE .