“မေဂျာလိဂ်မှာ သုံးပွဲဆက် ဂိုးသွင်းယူတဲ့ ဆွန်ဟောင်မင်”
27 Jul
LAFC တိုက်စစ်ကစားသမား ဆွန်ဟောင်မင် ဟာ ကမ္ဘာ့ဖလားအပြီးကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်များမှာ သုံးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကန်ဆက်စီးတီးကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆွန်ဟောင်မင် က အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဆွန်ဟောင်မင် ဟာ အခုရာသီမေဂျာလိဂ်ပြိုင်ပွဲ ပထမဆုံး ၁၃ ပွဲဆက် ဂိုးပေါက်ပျောက်ပြီးမှ နောက်ဆုံး သုံးပွဲဆက် ဂိုးပြန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မေဂျာလိဂ်ရာသီဝက်မှာ LAFC အသင်းကို ရောက်လာတဲ့ ဆွန်ဟောင်မင် ဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ် ၁၀ ပွဲမှာ ကိုးဂိုး၊ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၁၂ ဂိုး သွင်းယူခဲ့ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာတော့ ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ LAFC အသင်းဟာ အခုနိုင်ပွဲနဲ့အတူ လေးပွဲဆက် အနိုင်ရကာ အနောက်ပိုင်းဇုန်အမှတ်ပေးဇယားမှာ အခြားနှစ်သင်းနဲ့အတူ ၃၃ မှတ်စီနဲ့ ပူးတွဲဦးဆောင်နေပါတယ်။ (NVS 008)
27 Jul