“အင်တာနက်ဝန်ဆောင်မှု ပျက်ကွက်ပါက ဥပဒေအရအရေးယူမည်ဟုဆို”

27 Jul

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားတဲ့ အင်တာနက်ကုမ္ပဏီများအနေနဲ့ ဝန်ဆောင်မှု ပျက်ကွက်၍ သုံးစွဲသူပြည်သူများမှ တိုင်ကြားလာပါက ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၏ ပြောကြားမှုအရ သိရပါတယ်။ ဇူလိုင်လ ၂၄ ရက်က ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက် မြောက်နေ့မှာ လှိုင်သာယာ(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်း၏ အင်တာနက် ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်စစ်ဆေးထုတ်ပြန်ပေးရေးနှင့် စာချုပ်ပါစွမ်းရည်ထက် ကျဆင်းနေတဲ့ ကုမ္ပဏီများကို အရေးယူဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည် ဖြေကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အင်တာနက်သုံးစွဲသူများအနေနဲ့ အင်တာနက်လိုင်းပြတ်တောက်မှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာကုမ္ပဏီ သို့ ရှေးဦးစွာအကြောင်းကြားရန်လိုအပ်ပြီး ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိဘဲ ပျက်ကွက်နေပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကိုလည်း ဒုတိယဝန်ကြီးက အသိပေးပြောကြားခဲ့ပါတယ်။ တိုင်ကြားလိုသူများအနေနဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ အီးမေးလ်ဖြစ်သော complaint @ptd.gov.mm သို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်စားသုံးသူရေးရာဦးစီးဌာနသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်အထိ ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားစာစုစုပေါင်း ၂,၂၀၀ ခု လက်ခံရရှိခဲ့ရာမှ ၂,၁၉၂ မှုကို အောင်မြင်စွာဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၈ မှုကိုလည်း ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

27 Jul

ADVERTISE HERE .