“ဖလမ်းမြို့ နေရပ်ပြန်ဒေသခံပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး”
27 Jul
ချင်းပြည်နယ်၊ ဖလမ်းမြို့ ရပ်ကွက်များသို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံပြည်သူများ၏ နေအိမ်များသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်လ ၂၄ ရက်မှာ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အခုလိုကွင်းဆင်းကြည့်ရှုစဉ် နိုင်ငံတော်မှထောက်ပံ့ပေးအပ်တဲ့ အခြေခံဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများဒေသခံများထံ အပြည့်အဝရရှိရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်ဖြစ်စဉ် များကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်များကို ဒေသခံပြည်သူများက မိသားစုအလိုက်ဝိုင်းဝန်း ပြန်လည်ပြုပြင်နေမှု များကိုလည်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့က ဖလမ်းမြို့၊ ဗိုလ်ချုပ်လမ်းမှာ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုကာ ကျန်းမာရေးနှင့်ညီညွတ်သော ပစ္စည်းများရောင်းချရန်နှင့် ဈေးနှုန်းချိုသာစွာရောင်းချရေး မှာကြားခဲ့ပါတယ်။ အဲဒီနောက် နေရပ်ပြန်ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပြီးစီးမှုအခြေအနေများကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)