“ရန်ကုန်မြို့မှာ မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်”
27 Jul
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေးအနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့် ကမ်းပြုလုပ်နည်းအတတ်ပညာများ ပျံ့နှံ့စေရန်ရည်ရွယ်၍ မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် က ယခုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြပါတယ်။ အဲဒီနောက်အနုပညာရှင်များ၏ မြန်မာ့ရိုးရာဖျော်ဖြေရေးအစီအစဉ်များနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါတယ်။ အဆိုပါ မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀ ဦးတက်ရောက်နေပြီး တစ်နှစ်ဒီပလိုမာသင်တန်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)