“၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည့် မီးလင်းဂျိုင် LNG ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၄ ဒသမ ၄ ရာခိုင်နှုန်းပြီးစီး”
27 Jul
ဧရာဝတီတိုင်းဒေသကြီး၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ၁၃၉၀ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအနေနဲ့ လက်ရှိမှာ ၂၄ ဒသမ ၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၂၄ ရက်က ဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်းများသွယ်တန်းခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA) လုပ်ငန်းစဉ်၏လေ့လာတွေ့ရှိချက်များကို Unique Environment Myanmar က တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လာရောက်တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစီမံကိန်းမှာ မီးလင်းဂျိုင်မှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် လှိုင်သာယာပင်မဓာတ်အား ခွဲရုံ အထိ ၁၈၉ ကီလိုမီတာရှည်လျားတဲ့ ၅၀၀ ကေဗွီဓာတ်အားလိုင်းနှင့် မီးလင်းဂျိုင်မှ အသုတ်ဓာတ်အားခွဲရုံအထိ ၆၉ ဒသမ ၉ ကီလိုမီတာရှည်လျားတဲ့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းသွယ်တန်းခြင်းများပါဝင်ပြီး ယင်းဧရိယာများကို စီမံကိန်းသက်ရောက်မှုရှိနိုင်တဲ့ ဧရိယာအဖြစ် သတ်မှတ်ထားပါတယ်။ မီးလင်းဂျိုင်စီမံကိန်းက နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုရရှိစေရန်နှင့် ခိုင်မြဲသောထုတ်လုပ်နိုင် စွမ်းအား (Base Load) ကို သက်သာသောဓာတ်အားခနှုန်းထားနဲ့ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားထားပါတယ်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၀၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားတဲ့ အဆိုပါမီးလင်းဂျိုင် LNG သုံး ဓာတ်အား ပေးစက်ရုံ စီမံကိန်းကြီးတစ်ခုလုံးကို ၂၀၂၉ ခုနှစ်ဩဂုတ်လတွင် ရာနှုန်းပြည့်ပြီးစီးရန် လျာထားကြောင်း သိရပါတယ်။ အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ်မတ်လ ၇ ရက်မှာ MOU လက်မှတ်ရေးထိုးခဲ့ကာ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလ ၁၈ရက်မှာ Letter of Intent (LOI) နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာ Power Purchase Agreement (PPA) စာချုပ်များကို အဆင့်ဆင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)