“ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်လာပြီး လေပြင်းများတိုတ်ခတ်နိုင်”
27 Jul
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းဟာ ဇူလိုင်လ ၂၆ ရက်မှာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ပိုမိုအားကောင်းလာကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မုန်တိုင်းငယ်က စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အလားအလာမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း သိရပါတယ်။ မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားကာနောက် ၃၆ နာရီအတွင်း အိန္ဒိယနိုင်ငံ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့ကြားမှ ဖြတ်ကျော်နိုင်ကြောင်း သိရပါတယ်။ အဆိုပါမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း သိရပါတယ်။ (NVS 008)