“ရန်ကုန်-ပြည်-ရန်ကုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ စတင်ပြေးဆွဲမည်”

25 Jul

ရန်ကုန်-ပြည်လမ်းပိုင်းအတွင်း အမှတ်(၇၃)အဆန် ရန်ကုန်-ပြည်ခရီးစဉ်နှင့် အမှတ်(၇၄)အစုန် ပြည်- ရန်ကုန် ရထားခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ အသုံးပြု၍ ဇူလိုင်လ ၃၁ ရက်မှ စတင်ကာ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အမှတ်(၇၃)အဆန်/အမှတ်(၇၄)အစုန်ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း(၂)တွဲ၊ ပထမတန်း(၄)တွဲပါရှိပြီး အထက်တန်းတွင် ၆၆ ဦးနှင့် ပထမတန်းတွင် ၂၂၄ ဦး စုစုပေါင်း ၂၉၀ ဦး စီးနင်းလိုက်ပါနိုင်မှာဖြစ်ပါတယ်။ လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစအဆုံး အထက်တန်းအတွက် ၂၀,၀၀၀ ကျပ်နှင့် ပထမတန်းအတွက် ၁၅၀၀၀ ကျပ်ဖြစ်ပြီး ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ္တလင်းနှင့် ပေါင်းတည်ဘူတာတို့တွင် ရပ်တန့်ပေးမှာဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် (၆) နာရီ သာ ကြာမြင့်မှာဖြစ်လို့ နေ့ချင်းပြန်သွားရောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမှတ်(၇၁)အဆန်/အမှတ်(၇၂)အစုန် လူစီးအမြန်လေအိတ်ရထားနှင့် ယခုပြေးဆွဲမည့် အမှတ်(၇၃)အဆန်/အမှတ်(၇၄)အစုန် ခေတ်မီ DEMU လူစီးအမြန် ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ခရီးစဉ်အစအဆုံးအတွက် (၇)ရက်နှင့် ကြားဘူတာများအတွက် (၅)ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်၊ ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် ရန်ကုန်-ပြည်လမ်းပိုင်းကို တိုးချဲ့ ပြေးဆွဲပေးခြင်းဖြစ်ကြောင်းလည်း အသိပေးထားရှိပါတယ်။(NVS 008)

25 Jul

ADVERTISE HERE .