“၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြောင်းတန်ချိန် ၁ ဒသမ ၄ သန်းအထိ ပြည်ပသို့ တင်ပို့နိုင်ရန်လျာထား”
25 Jul
လက်ရှိဘဏ္ဍာနှစ်အတွင်း ပြောင်းတန်ချိန် ၁ ဒသမ ၄ သန်းအထိ ပြည်ပသို့တင်ပို့နိုင်ရန်နှင့် အမေရိကန် ဒေါ်လာ သန်း ၃၄၀ ကျော်ရရှိနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြောင်းတန်ချိန် ၃ သိန်းခွဲကျော် ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇ သန်းကျော်ရရှိခဲ့ရာ ဇွန်လအတွက် သတ်မှတ်ထားသည့် ပို့ကုန်လျာထားချက်ကို ပြည့်မီကျော်လွန်ခဲ့ကြောင်းနှင့် ၎င်းရလဒ်က ယခုဘဏ္ဍာနှစ်အတွင်း ပြောင်းတင်ပို့မှုတိုးတက်ရေးအတွက် အားကောင်းသည့် အခြေအနေတစ်ရပ် ဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်၍လည်း လက်ရှိဇူလိုင်လအတွက် ပြောင်းတန်ချိန်တစ်သိန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်ရရှိရန် လျာထားတဲ့အပြင် အဆိုပါလျာထားချက်ထက် နှစ်ဆအထိ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြောင်းကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားရှိပါတယ်။ မြန်မာ့ပြောင်းကို လက်ရှိတွင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထံ အဓိကတင်ပို့လျက်ရှိပြီး အိန္ဒိယနိုင်ငံ ကလည်း ပြည်တွင်းလိုအပ်ချက်အပေါ်မူတည်ကာ ဝယ်ယူတင်သွင်းလျက်ရှိပါတယ်။ ပြည်ပဈေးကွက်များတွင် မြန်မာ့ပြောင်းအတွက် ဝယ်လိုအားဆက်လက်တည်ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ၏ မူဝါဒအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လကုန်အထိ မြန်မာ့ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပါတယ်။(NVS 008)