“တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်နိုင်ငံသို့ လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် လာရောက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား”
25 Jul
ယခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် အမေရိကန်နိုင်ငံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အတည်ပြုပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြ ခဲ့သည်။ အမေရိကန်နိုင်ငံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ရောက်ရှိချိန်တွင် မိမိအနေဖြင့် လူဉာဏ်ရည်တုနည်းပညာ (အေအိုင်) အရေးကိုလည်း အဓိကအကြောင်းအရာတစ်ရပ်အဖြစ် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့် က အတည်ပြုပြောကြားထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ယခုနှစ် မေလ ၁၃ ရက်မှ ၁၅ ရက်ထိ တရုတ်နိုင်ငံသို့ သွား ရောက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အမေရိကန်နိုင်ငံသို့ ယခုနှစ်ကုန်ပိုင်းတွင် လာရောက်ရန် တရားဝင်ဖိတ်ကြားခဲ့သည်။ မိမိအနေဖြင့် သမ္မတရှီကျင့်ဖျင်နှင့် တရုတ်နိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံစဉ် အေအိုင်နည်းပညာကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့သကဲ့သို့ တရုတ်သမ္မတ၏ အမေရိကန်ခရီးစဉ်တွင်လည်း အေအိုင်နည်းပညာကိစ္စကို ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တို့သည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့၌ ဇူလိုင်လ ၂၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် သမ္မတ ရှီကျင့်ဖျင် ၏ အမေရိကန်ခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။