“ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကျင်းပမည်”
23 Jul
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကို အောက်တိုဘာလ ၇ ရက်မှ ၁၁ ရက်ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်တွင် ပြည်တွင်းထုတ်ကုန်များ၊ ချည်ထည်များ၊ အဝတ်အထည်များ၊ ကျောက်မျက်ရတနာ ဆိုင်ခန်းများနှင့် စားသောက်ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး မြန်မာ့သနပ်ခါးပြခန်း၊ ရုပ်သေးအစီအစဉ်၊ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ပုံစံ တေးဂီတဖျော်ဖြေမှုများနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံများဝတ်ဆင်ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါ တယ်။ အဆိုပါပွဲတော်ကို ရန်ကုန်မြို့ရဲ့ ရှေးဟောင်းမြို့ပြ အမွေအနှစ်တစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ သမိုင်း ကြောင်းအား ထုတ်ဖော်ပြသခြင်း၊ ပွဲတော်မှတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ပိုမိုချိတ်ဆက်နိုင်စေရန်၊ ဈေးအတွင်းရှိ ဗိသုကာလက်ရာများကို လေ့လာနိုင်ရန်စတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းဈေး၌ ကျောက်မျက်ရတနာ၊ ရွှေ၊ ငွေ လက်ဝတ်ရတနာ၊ ရှေးဟောင်း ပစ္စည်း၊ ပန်းချီကား၊ ပိုးထည်/ချည်ထည်၊ လက်မှုအနုပညာပစ္စည်း၊ စက်ချုပ်ဆိုင်၊ လူသုံးကုန်၊ အလှကုန်နှင့် စားသောက် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိနေကြောင်း သိရပါတယ်။ (NVS-004)