“ယခုဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့ထား”
23 Jul
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ငါးသိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ အဆိုပါ သုံးလတာတင်ပို့မှုမှ ဧပြီလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၄ ခုမှ အမေရိကန်ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၉,၅၅၉ တန်၊ မေလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၄၂ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၃၆,၂၆၂ တန်နှင့် ဇွန်လအတွင်း ပို့ကုန်ကုမ္ပဏီ ၄၇ ခုမှ အမေရိကန်ဒေါ်လာ ၇၄ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂၃,၇၁၄ တန် တင်ပို့နိုင်ခဲ့ကာ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၂၉,၂၃၅ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၇ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သုံးလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိက တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဆန်တန်ချိန် ၂၈၄,၈၉၄ တန်နှင့် ဆန်ကွဲတန်ချိန် ၂၄၄,၆၄၁ တန်ကို ကုမ္ပဏီပေါင်း ၄၀ ကျော်မှ လစဉ်တင်ပို့လျက်ရှိပါတယ်။ တင်ပို့ရာတွင် တရုတ်၊ ဖိလစ်ပိုင် အစရှိသည့် အာရှနိုင်ငံများအပြင် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန် စတဲ့နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)