“လျှို့ဝှက်နျူကလီးယားစခန်း ရှိသည်ဟူသော စွပ်စွဲချက်ကို အီရန်အစိုးရငြင်းဆို”
23 Jul
အီရန်နိုင်ငံ အစ္စဖာဟန်ပြည်နယ်ရှိ ကူလန်းတောင်တန်းတွင် လျှို့ဝှက်နျူကလီးယားစခန်းတစ်ခု ရှိနေသည် ဆိုသည့် စွပ်စွဲပြောဆိုချက်များကို အီရန်အစိုးရက ဇူလိုင်လ ၂၂ ရက်တွင် ငြင်းဆိုလိုက်သည်။ အမေရိကန်သမ္မတ ထရမ့်က ထိုလျှို့ဝှက်နျူကလီးယားစခန်းနေရာကို မကြာမီစစ်ရေးအရတိုက်ခိုက်မည်ဟု ဇူလိုင်လ ၂၁ ရက်တွင် ခြိမ်းခြောက်ပြောဆိုပြီးနောက် အီရန်ဘက်က ယခုကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘာကေးက အီရန်၏နျူကလီးယားလုပ်ငန်းစဉ်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ထံ စနစ်တကျအကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် အမေရိကန်အစိုးရ၏ စွပ်စွဲချက် များသည် ကျူးကျော်တိုက်ခိုက်ရန် ဖန်တီးထားသည့် ဆင်ခြေမျှသာဖြစ်ကြောင်း ပြောထားသည်ဟုသတင်းဌာန များက ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)က အမေရိကန်၏တိုက်ခိုက်မှု များကို လက်တုံ့ပြန်သည့်အနေဖြင့် ဂျော်ဒန်နိုင်ငံရှိ King Faisal နှင့် Prince Hassan လေတပ်စခန်းများကို တိုက်ခိုက်ရာ အမေရိကန်၏ စစ်သုံးရဟတ်ယာဉ်များနှင့် ဒရုန်းများပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ထုတ်ပြန်ထားသည်။ အလားတူ အီရန်စစ်ဘက်ကလည်း ဘာရိန်းနှင့်ကူဝိတ်ရှိ အမေရိကန်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်ကမူ အီရန်၏ စစ်ရေးပစ်မှတ်များနှင့် ဒရုန်းဂိုဒေါင်များကို ၁၁ရက်မြောက်အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီရန်ဘက်ကမူ ၎င်းတို့၏နျူကလီးယား စခန်းများ တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန်နှင့် မဟာမိတ်များ၏ အကျိုးစီးပွားများကို တိုးမြှင့်တိုက်ခိုက် သွားမည်ဟု သတိပေးထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။