“အာဖဂန်နစ္စတန်အရှေ့ပိုင်း၌ ရုတ်တရက်ရေကြီးမှုများကြောင့် လူ ၄၀ ကျော်သေဆုံး”
23 Jul
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ရာ လူ ၄၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ အချို့မှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ဒေသတွင်းသတင်းဌာနများက ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် နေအိမ်များ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်း အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေဘေးသင့်ဒေသများ၌ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန် အဟုန် တိုးမြှင့်ဆောင်ရွက်နေကြောင်း သတင်းဌာနများ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မဟာမိတ်အဖွဲ့အစည်းများသည် သဘာဝ ဘေးဒဏ်သင့် မိသားစုများအတွက် ယာယီခိုလှုံရာစခန်းများ၊ အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီများကို ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သို့သော်လည်း လမ်းတံတားများ ပျက်စီးခြင်းနှင့် သွားလာရခက်ခဲသည့် မြေပြင်အနေအထားတို့ကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့သည့် ရေဘေးသင့် ဒေသအချို့ထံ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိရန်မှာမူ များစွာသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။