“ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ သတ်မှတ်”
23 Jul
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုနေတဲ့ မြေဩဇာ အမျိုးအစားများအတွက် ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရည်ညွှန်းလက္ကားဈေးနှုန်းကို ၁၂၀,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် DI Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်ကို ၁၃၈,၀၀၀ ကျပ်နဲ့ သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ အကျုံးဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အလားတူ Complex ၁၅ ပတ်လည် မြေဩဇာအတွက် ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထားခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အဆိုပါရည်ညွှန်းဈေးနှုန်းများမှာ ရန်ကုန်အထိုင်လက်ငင်းငွေချေစနစ်နဲ့ ရောင်းချတဲ့ လက္ကားဈေးနှုန်းများ ဖြစ်ပြီး ဒေသအလိုက်သယ်ယူပို့ဆောင်ရေးစရိတ်များအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း အသိပေးထား ပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များအသင်း (MFSPEA) သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ (NVS 008)