“ရခိုင်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ စာရင်းမှန်ကန်ရေးနှင့် ကူညီထောက်ပံ့ရေး ဆွေးနွေး”
23 Jul
ရခိုင်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်းမှန်ကန်စေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယာယီနေရပ်စွန့်ခွာသူ လူဦးရေစာရင်းမှန်ကန်ရေး၊ ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးနှင့် နေထိုင်တဲ့ အဆောက်အအုံများ ကောင်းမွန်ရေး တို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် UN၊ INGO နှင့် NGO အဖွဲ့အစည်းများမှ ထောက်ပံ့တဲ့ ဆေးဝါးနှင့် စားသောက်ကုန်များ သက်ဆိုင်သူများလက်သို့ မှန်မှန်ကန်ကန် ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် အရေးစိုက်ဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ (NVS 008)