“မြစ်ကြီးနား-မိုးညှင်း ရထားခရီးစဉ် စတင်ပြေးဆွဲ”
22 Julမြစ်ကြီးနား-မိုးညှင်း ရထားလမ်းပိုင်းတွင် အမှတ်(၄၉)အဆန် မိုးညှင်း-မြစ်ကြီးနားနှင့် အမှတ်(၅၀)အစုန် မြစ်ကြီးနား-မိုးညှင်း ရထာခရီးစဉ်များကို ဇူလိုင်လ ၂၁ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း သိရပါတယ်။ အဆိုပါရထားခရီးစဉ် စတင်ပြေးဆွဲသည့် အမှတ်(၄၉)အဆန် မိုးညှင်း-မြစ်ကြီးနား လူစီးရထားက မိုးညှင်း ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ မွန်းလွဲ ၁ နာရန် ၁၅ မိနစ်၊ အမှတ်(၅၀)အစုန် မြစ်ကြီးနား-မိုးညှင်း လူစီးရထားက မြစ်ကြီးနားဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မိုးညှင်းဘူတာသို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိခဲ့ပါတယ်။ လက်မှတ်ခနှုန်းထားများမှာ ခရီးစဉ်အစ/အဆုံး အထက်တန်းအတွက် ငွေကျပ် ၂၅,၀၀၀ နှင့် ရိုးရိုးတန်းအတွက် ငွေကျပ် ၁၅,၀၀၀ သတ်မှတ်ထားရှိပြီး ခရီးစဉ်တစ်လျှောက် ဘူတာစဉ်ရပ်တန့်ပေးမှာဖြစ်ပြီး လက်မှတ်များကို သက်ဆိုင်ရာဘူတာများတွင် အထက်တန်းအတွက် ၃ ရက်နှင့် ရိုးရိုးတန်းအတွက် ၁ ရက်ကြိုတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနားခရီးစဉ်ကို ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သက်သောင့်သက်သာ စီးနင်း လိုက်ပါနိုင်ရေးအတွက် လူစီးရထားခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းများ ပိုမို ကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့် တွဲများ အသုံးပြု လာနိုင်ပြီးဖြစ်၍ ရထားအမြန်နှုန်း တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 008)