“နိုင်ငံ၏ GDP တိုးတက်မှုရှိစေရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် GDP များ ယခုထက် ပိုမိုတိုးတက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန်တိုက်တွန်း”

22 Jul

နိုင်ငံ၏ GDP တိုးတက်မှုရှိစေရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် GDP များ ယခုထက် ပိုမိုတိုးတက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တိုက်တွန်းမှာကြား ခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့က နိုင်ငံတော်တွင် အဓိကစီးပွားရေး အားကောင်း သည့် တိုင်းဒေသကြီး ၆ ခုတွင် ပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် MSME ကုန်ထုတ် လုပ်ငန်းများနှင့် စက်မှုဇုန်များ၌ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေအတွက်ထက် အရည်အသွေးကောင်းမွန်မြင့်မား‌ရေးကို အဓိကထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် စီမံကိန်းစီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ၌ အရည်အသွေးပိုင်းတွင် အားနည်းချက်အချို့ရှိခဲ့ကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းသည် ထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များ ကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်ရာ ပြည်တွင်း၌ ထုတ်ကုန်ပစ္စည်းများကို ဖူလုံမှုရှိအောင် ထုတ်လုပ် ပေးနိုင်ရန်လိုကြောင်း၊ မိမိ၏စီးပွားရေးမူဝါဒမှာ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်။ ဈေးနှုန်းခြင်းတူပါက အရည်အသွေး ပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိရန်နှင့် ထုတ်လုပ်မှုများ မှန်မှန်ကန်ကန်ဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာကြခြင်းဖြစ်လို့ နိုင်ငံ၏ GDP တိုးတက်မှု ရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် GDP များ ယခုထက်ပိုမိုတိုးတက်မှုရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးမြထွန်းဦး၊ ဦးထိန်လင်း၊ ဦးကိုကိုလွင်၊ ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။(NVS 008)

22 Jul

ADVERTISE HERE .