“ဟူသီအဖွဲ့က ဆော်ဒီအာရေဗျအပေါ် ရေကြောင်းပိတ်ဆို့မှုကြေညာ”

22 Jul

ယီမင်ရှိ အီရန်ထောက်ခံသော ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေဗျကို ရေကြောင်းပိတ်ဆို့မှု သတ်မှတ်ကြောင်း ဇူလိုင်လ ၂၀ ရက်တွင်ကြေညာလိုက်သည်။ ဆော်ဒီကထောက်ခံသော ယီမင်အစိုးရ၏ တပ်ဖွဲ့ များက ဟူသီကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အီရန်လေယာဉ် ဆာနားအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ခြင်းကို တားဆီးရန်ရည်ရွယ်၍ လေဆိပ်ကိုတိုက်ခိုက်ခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်လာခြင်း ဖြစ်သည်။ ဟူသီအဖွဲ့၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီ က ယီမင်နိုင်ငံအပေါ် မတရားဖိနှိပ်သည့် ပိတ်ဆို့ဝိုင်းရံမှုကို ရှုတ်ချကြောင်း၊ မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံးဆိုသည့် တုံ့ပြန်မှုအရ ဆော်ဒီအာရေဗျ အပေါ် ရေကြောင်းပိတ်ဆို့မှု ချက်ချင်းအကျိုးသက်ရောက်စေမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆော်ဒီ၏ မည်သည့်စစ်ရေးလှုပ်ရှားမှုကိုမဆို အပြင်းအထန်တုံ့ပြန်သွားမည်ဟုလည်း သတိပေးသည်။ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ရည်ညွှန်းကာ နိုင်ငံတကာဥပဒေနှင့်အညီ ၎င်း၏သင်္ဘောများကိုကာကွယ်ရန် လိုအပ်သမျှဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။ ဟူသီအဖွဲ့၏ကြေညာချက်သည် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါသည့် ပင်လယ်နီဒေသလုံခြုံရေး အပေါ် စိုးရိမ်မှုများမြင့်တက်စေကြောင်း သိရသည်။

22 Jul

ADVERTISE HERE .