“မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိသည့် အသင့်စားမုန့်များကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်”
21 Jul
မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိသည့် အသင့်စားမုန့်များကို စစ်ဆေးတွေ့ရှိ ပါက အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ အဆိုပါဌာနအနေနဲ့ ကုန်စည်အုပ်စု ရှစ်အုပ်စုခွဲ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်များ ပြည့်စုံခြင်း ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် မြန်မာ ဘာသာနှင့် အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါ က စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား သေချာစွာဖော်ပြထားခြင်းမရှိပါက ဝယ်ယူစားသုံးသူအနေနဲ့ ဓာတ်မတည့်သည့်ပစ္စည်းတွေ ပါ၊ မပါဆိုတာ ခွဲခြားမသိနိုင်ဘဲ အသက်အန္တရာယ် ဖြစ်နိုင်တဲ့ အတွက် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ဝယ်ယူစားသုံးနိုင်ရန်၊ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရန်လိုအပ်ကြောင်း အသိပေးထားပါတယ်။ ဒါကြောင့်စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၇၃ အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရပါတယ်။ လက်ရှိတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူပြည်သူများနှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များ သိရှိစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်တိုက်များ၊ ဈေးများနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ရက်သတ္တပတ်အလိုက်၊ လအလိုက် စစ်ဆေးလျက်ရှိပါတယ်။ စားသုံးသူပြည်သူများအနေနဲ့ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်းဒေသကြီးပြည်နယ်များရှိ Consumer Information & Complaint Center(CICC) များနှင့် Consumer Call Center(1535)သို့ တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ (NVS-004)