“ဂျာမနီလက်ရွေးစင်နည်းပြအဖြစ် လက်မှတ်ရေးထိုးမယ့် ယာဂန်ကလော့ပ်”

21 Jul

လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် ဟာ ဂျာမနီလက်ရွေးစင်အသင်းကို ၄ နှစ်စာချုပ်နဲ့ ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး သောကြာနေ့မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးခဲ့တဲ့ ယာဂန်ကလော့ပ်ဟာ လက်ရှိအချိန်မှာ Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေပါတယ်။ ဂျာမနီအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃၂) သင်းအဆင့်က ထွက်ခဲ့ရတာကြောင့် နည်းပြ နာဂယ်စ်မန်း နဲ့ လမ်းခွဲပြီး ယာဂန်ကလော့ပ် ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ယာဂန်ကလော့ပ် က ဂျာမန်ရုပ်သံရဲ့ ကမ္ဘာ့ဖလားသုံးသပ်သူအဖြစ် အမေရိကန်ကို ရောက်ရှိနေချိန်မှာ ဂျာမနီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ Red Bull တို့ ညှိနှိုင်းမှု အဆင်ပြေသွားပြီဖြစ်လို့ ဖရန့်ဖတ်မြို့မှာ သောကြာနေ့တွင် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း တစ်ပါတည်းပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ယာဂန်ကလော့ပ်က ဂျာမနီအသင်းကို ၂၀၃၀ အထိ ကိုင်တွယ်သွားမှာဖြစ်ပြီး ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲ၊ ယူရို-၂၀၂၈ ပြိုင်ပွဲနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိဖို့ ဦးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

21 Jul

ADVERTISE HERE .