“အိန္ဒိယမြောက်ပိုင်း၌ ရေကြီးမြေပြိုမှုများကြောင့် လူ ၂၅ ဦး သေဆုံး”
21 Jul
အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ရက်သတ္တပတ်ကုန်ပိုင်းက မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပြင်းထန်သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၂၅ ဦး သေဆုံးပြီး လူအများအပြားမှာ ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၂၀ ရက်တွင် ပြော သည်။ အိန္ဒိယနိုင်ငံ ကက်ရှမီးယားဒေသရှိ ခရိုင်များတွင် မိုးရွာသွန်းမှုနှင့်ဆက်နွှယ်သည့် မတော်တဆမှုများကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့သည်။ ထို့ပြင် နိုင်ငံအရှေ့မြောက်ပိုင်း နာဂလန်းပြည်နယ်၌ အဆက်မပြတ်ရွာသွန်းသောမိုးကြောင့် မြေပြိုမှုများ ဖြစ်ပွားရာ လူကိုးဦးသေဆုံးပြီး အိမ်နီးချင်း အာသံပြည်နယ်တွင်လည်း ရေကြီးမှုများကြောင့် လူ ၁ ဦး သေဆုံးကာ ခရိုင် ၇ ခုမှ ဒေသခံ ၅၇,၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သီတင်းပတ်တစ်ပတ်ကြာမြင့်သည် အထိ မုတ်သုံလေ ဆက်လက်အားကောင်းနေမည်ဖြစ်၍ မိုးထပ်မံရွာနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထား သည်။ အလားတူ အိမ်နီးချင်းနီပေါနိုင်ငံတွင်လည်း ဇွန်လလယ် မုတ်သုံရာသီ စတင်ချိန်ကတည်းက ရေကြီးမြေပြိုမှု များကြောင့် လူ ၂၇ ဦး သေဆုံးပြီး ကျောက်ခဲများပြိုကျမှုကြောင့် ခတ္တမန္ဒူမြို့သို့ ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမကြီးများပိတ်ဆို့နေကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။