“အန်ဒီဘန်းဟမ်း က ဗြိတိန်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်”
21 Jul
ဗြိတိန်လေဘာပါတီ၏ခေါင်းဆောင် အန်ဒီဘန်းဟမ်းသည် ဇူလိုင်လ ၂၀ ရက် တွင် ဗြိတိန်ဘုရင်၏ အစိုးရ ဖွဲ့ရန် ဖိတ်ကြားချက်ကိုလက်ခံပြီးနောက် ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် တရားဝင် စတင်တာဝန်ထမ်းဆောင်ပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ရာထူးမှနုတ်ထွက်သွားသည့် ဝန်ကြီးချုပ်ဟောင်း ကီယာစတားမာ ၏နေရာကို ဆက်ခံခြင်း ဖြစ်သည်။ ဘန်းဟမ်းသည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ်မိန့်ခွန်းကို အမှတ် ၁၀ ၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံး၏အပြင်၌ ပြောသည်။ ၎င်းသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း သတ္တမမြောက် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာကြောင်း၊ ယခင်နိုင်ငံရေးသမား များ၏လုပ်ဆောင်ချက်များသည် လုံလောက်မှုမရှိခဲ့ကြောင်းဝန်ခံကာ ၎င်းအနေဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံရေးနှင့်စီးပွားရေးပုံစံ အသစ်တစ်ရပ်ကို ဖော်ဆောင်ပေးမည်ဟု ကတိပြု ထားသည်။ ဘန်ဟမ်းက ၎င်းတို့ဟာ အာဏာကို ဗဟိုချက်ကနေခွာထုတ်ပြီး နိုင်ငံတစ်ဝန်းက ဒေသအသီးသီးသို့ ပို့ဆောင်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ဘန်ဟမ်းက ဗြိတိန်နိုင်ငံကို စက်မှုလုပ်ငန်း ပြန်လည်ထွန်းကား လာစေရန် လုပ်ဆောင်မည်ဖြစ်ပြီး အခြေခံဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထု၏ထိန်းချုပ်မှုအောက်သို့ ပိုမို ခိုင်မာစွာ သွတ်သွင်းသွားမည်ဟု မိန့်ခွန်းတွင်ထည့်သွင်းပြောထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။