“သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ဆွေးနွေး”
21 Jul
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ကုလသမဂ္ဂ လူသားချင်းစာနာ မှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ဇူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းမှာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ မန္တလေးငလျင်ဘေးဖြစ်ပွားစဉ်အတွင်း ဝန်ကြီးဌာနနှင့် UNOCHA တို့၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆောင်ရွက်နေမှုများကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် AHA Centre နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA တို့အကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုစာလွှာ(Letter of Agreement –LoA)လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)