“ဝဇီရာရုပ်ရှင်ရုံမှာ အပတ်စဉ်ရုပ်သေးပွဲပြသနိုင်တော့မည်”
21 Jul
မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်တော့မည့် ဝဇီရာရုံမှာ အပတ်စဉ်ရုပ်သေးပွဲများ ပြသနိုင်တော့မည် ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က မြန်မာ့ရိုးရာယဉ်ကျေးမှုအမြင့်သဘင်၊ မြန်မာ့ရုပ်သေး စကားဝိုင်းအထူးဆွေးနွေးပွဲမှာ ရုပ်ရှင်၊ ဂီတ၊ စာပေနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲများအပြင် မြန်မာ့ရိုးရာ ရုပ်သေးပွဲများကိုပါ ထည့်သွင်းပြသနိုင်တော့မည်ဖြစ်ကြောင်း ရုပ်သေးပညာရှင်များနှင့် တွေ့ဆုံစဉ်မှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာအနုပညာနှင့်ပတ်သက်၍ ပြောကြားရာမှာ မြန်မာ့ရုပ်သေးက တန်ဖိုးသိတဲ့သူရှိမှ တန်ဖိုးရှိပြီး တန်ဖိုးသိလာ အောင်လည်း လုပ်ရမည်ဖြစ်ကြောင်း မကြာမီဖွင့်လှစ်တော့မယ့် ဝဇီရာရုံမှာ ရုပ်ရှင်၊ ဂီတ၊ သဘင်ပွဲတွေ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲတွေအပြင် ဇာတ်သဘင်နဲ့ ရုပ်သေးပွဲတွေပါ ပြလို့ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ မြန်မာ့ရုပ်သေးစကားဝိုင်း အထူးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရုပ်သေးကော်မတီဥက္ကဋ္ဌ ဒေါ်မမနိုင်၊ ရုပ်သေးကော်မတီ နာယကဖြစ်သူ စာပေ၊ ရုပ်ရှင်နှင့် ဥပဒေပညာရှင် ဦးအောင်စိုးဦး၊ အမျိုးသားစာပေဆုရှင် ဦးဟိန်းလတ်၊ မြန်မာနိုင်ငံစာရေးဆရာများအသင်း ဒုတိယဥက္ကဌ ဦးမြတ်စိုးလှိုင်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ သဘင်ပညာဌာနမှ ဌာနမှူး(ငြိမ်း) ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ) တို့ တက်ရောက်ကာ မြန်မာ့ရုပ်သေးပညာ ရေရှည်တည်တံ့ပြန့်ပွားရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)