“ဖလမ်းမြို့ရှိ ဆေးရုံ၊ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များမှာ ဆိုလာမီးတပ်ဆင်နေ”
21 Jul
ဖလမ်းမြို့ရှိ ဆေးရုံ၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များ နှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် ဆိုလာမီး တပ်ဆင်ဆောင်ရွက်မှုအခြေအနေများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူ များက ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယဝန်ကြီးနှင့် အဖွဲ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ရာ (6 KW) ဆိုလာမီး ၁ စုံ တပ်ဆင်ဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြခဲ့ကြပါတယ်။ ဒုတိယဝန်ကြီးမှ ဆိုလာပြားများကို သန့်ရှင်းမှုရှိစေရန်၊ သစ်ကိုင်းများ၊ အဆောက်အဦများကြောင့် ဆိုလာပြားပေါ် နေရောင်ပိတ်ဆို့မှု မဖြစ်စေရန်၊ Battery, Controller, Timer, Connector နှင့် ဝါယာကြိုးတို့ကို ပုံမှန်စစ်ဆေးကြရန်၊ မိုးရာသီမှာ ရေစိမ့်ဝင်နိုင်တဲ့ အစိတ်အပိုင်းများကို အထူးဂရုပြုစစ်ဆေးကြရန်၊ ရုံးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် နိုင်ရန်၊ ရေရှည်အသုံးပြုနိုင်ရန်အတွက် စနစ်တကျထိန်းသိမ်းကြရန် မှာကြားခဲ့ပါတယ်။ ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံတွင် (12 KW) ဆိုလာမီး တစ်စုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင် (6 KW ) ဆိုလာမီး တစ်စုံ၊ ခရိုင်မြန်မာ့စီးပွားရေးဘဏ်ရုံးတွင် (6 KW) ဆိုလာမီး တစ်စုံ၊ မြို့နယ်ပညာရေးမှူးရုံး တွင် (6 KW) ဆိုလာမီးတစ်စုံတို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် တပ်ဆင်ရန်ဆောင်ရွက်လျက်ရှိပါတယ်။ (NVS 008)