“ဒုတိယသမ္မတ ဦးညိုစော က UN အဆင့်မြင့်အရာရှိအား လက်ခံတွေ့ဆုံ”
21 Jul
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော က ကုလသမဂ္ဂ(UN) ယာယီလက်ထောက် အတွင်းရေးမှူးချုပ် H.E. Mr. Indrika Ratwatte ကို ဇူလိုင်လ ၂၀ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ(UN)ယာယီလက်ထောက်အတွင်းရေးမှူးချုပ် H.E. Mr. Indrika Ratwatte က မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အပါအဝင် လတ်တလောနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ပိုမိုနားလည်မှုရရှိရေးအတွက် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ်မှာ နှစ်ဖက်ကိုယ်စားလှယ်များက ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပြည်သူများထံ လူသားချင်း စာနာမှုအကူအညီများ ပိုမိုထိရောက်စွာပေးအပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ များကို ညှိနှိုင်းခဲ့ကြပါတယ်။ ဒါ့အပြင် အစိုးရ၏ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက် ချက်များအပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား ပွင့်လင်းမြင်သာစွာနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် နောက်ဆက်တွဲဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေးဖြစ်စဉ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)