“ယူရိုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်တဲ့ လူငယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယာမယ်”
20 Jul
စပိန်အသင်းရဲ့ တိုက်စစ်ကစားသမား ယာမယ် ဟာ ယူရိုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆယ်ကျော်သက် အရွယ်မှာ ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယာမယ် ဟာ ယူရို-၂၀၂၄ ချန်ပီယံဆုရရှိခဲ့ချိန်မှာ အသက် ၁၇ နှစ်သာရှိသေးသလို ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိချိန်မှာလည်း အသက် ၁၉ နှစ်သာ ရှိသေးတာကြောင့် စံချိန်မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့ပါတယ်။ ယာမယ် က အသက် ၁၉ နှစ်အရွယ်မှာ စပိန်အသင်းနဲ့ ဆုဖလား ၂ လုံး၊ ဘာစီလိုနာအသင်းနဲ့ ဆုဖလား ၆ လုံး ရယူနိုင်ခဲ့ပါတယ်။ စပိန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ ပေါ်တူဂီ၊ ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းတို့ကို ကျော်ဖြတ်ခဲ့ရတာကြောင့် ယာမယ် အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦး ဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကို အနိုင်ယူပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း တင်စားညွှန်းဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ကူဘာဆီ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ (NVS 008)