“ယူကရိန်း၏ ဒရုန်းထုတ်လုပ်သူများနှင့် ဂျပန်ပူးပေါင်းမှုကို ရုရှားရှုတ်ချ”
20 Jul
ယူကရိန်းနိုင်ငံ၏ မောင်းသူမဲ့ ဒရုန်းထုတ်လုပ်သူများနှင့် ဂျပန်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်းအပေါ် ရုရှားနိုင်ငံက ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ဒရုန်းနည်းပညာကဏ္ဍကို ကူညီပံ့ပိုးပေးနေခြင်းသည် ဒေသတွင်းပဋိပက္ခကို ပိုမိုကြီးထွားလာစေရန် လှုံ့ဆော်ရာရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုပါ ထိခိုက်ပျက်ပြားလာ စေနိုင်ကြောင်း ရုရှားအစိုးရက သတိပေးထားသည်။ အထူးသဖြင့် ခေတ်မီဒရုန်း နည်းပညာနှင့်ပတ်သက်၍ ဂျပန် နည်းပညာ ကုမ္ပဏီများနှင့် ယူကရိန်းကာကွယ်ရေးကဏ္ဍတို့ကြား ချိတ်ဆက်ဆောင်ရွက်မှုများ တိုးမြှင့်လာခြင်းကို ရုရှားက စိုးရိမ်မကင်းဖြစ်ကာ စောင့်ကြည့်လျက်ရှိသည်။ ဂျပန်နိုင်ငံသည် ယူကရိန်းပဋိပက္ခ စတင်ကတည်းက အနောက်အုပ်စုနိုင်ငံများနှင့်အတူ ရုရှားအပေါ် ပိတ်ဆို့မှု များချမှတ်ခဲ့ပြီး ယူကရိန်းထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအပြင် စစ်ဘက်နှင့်မသက်ဆိုင်သော ထောက်ပံ့ရေးပစ္စည်းများကိုပါ ပေးအပ်ခဲ့သည်။ သို့သော်ယခုကဲ့သို့ ဒရုန်းတီထွင်ထုတ်လုပ်မှုလုပ်ငန်းတွင် ပူးပေါင်း ပါဝင်လာခြင်းသည် ရုရှား၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်ရာရောက်သည်ဟု ရုရှားအစိုးရက ယူဆ ထားကြောင်း သိရသည်။