“စစ်သည်များကျဆုံးပြီးနောက် အမေရိကန်က အီရန်ကို လေကြောင်းမှတိုက်ခိုက်”
20 Jul
အမေရိကန်နှင့် အီရန်တို့ကြား အပြန်အလှန် တိုက်ခိုက်မှုများ ပြန်လည်စတင်ပြီးနောက် ပထမဆုံးအဖြစ် အမေရိကန်စစ်သည်များ ကျဆုံးရသည့်အတွက် အီရန်နိုင်ငံကို အပြစ်ပေးသည့်အနေဖြင့် အမေရိကန်က ဇူလိုင်လ ၁၉ ရက်တွင် အီရန်ကို လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ကြောင်း သိရသည်။ အီရန်နိုင်ငံကလည်း ချက်ချင်းတုံ့ပြန်သည့်အနေဖြင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ထုတ်ပြန်ထားသည်။ ယခုသီတင်းပတ်တွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီး အမေရိကန်၏ တိုက်ခိုက်မှုများတွင် လေဆိပ်၊ မီးရထားဘူတာနှင့် တံတားများပါဝင်ကြောင်း အီရန် က ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် အီရန်က ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်စဉ် အမေရိကန်စစ်သည်နှစ်ဦး ကျဆုံးသွားကြောင်း အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်က အတည်ပြုထားသည်။ ၎င်းအပြင် အခြားစစ်သည်တစ်ဦးမှာလည်း လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အမေရိကန်ဘက်က ထုတ်ပြန်ထားသည်။ ကမ္ဘာ့ရေနံထောက်ပံ့မှုအတွက် အချက်အချာကျသော ဟော်မုရေလက်ကြား အကျပ်အတည်းများကို ဖြေရှင်းရန် နှစ်ဖက်စလုံးက ကြိုးပမ်းနေစဉ်မှာပင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပျက်ပြားခဲ့ခြင်း ဖြစ်သည်။