“MPT မှ မိုဘိုင်းစခန်းအသစ် ၂၇ ခု ထပ်မံဖွင့်လှစ်ပြီး ဆက်သွယ်ရေးကွန်ရက်များတိုးချဲ့”

20 Jul

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ စဉ်ဆက်မပြတ်ချိတ်ဆက်နိုင်စေရန်အတွက် MPT မှ မိုဘိုင်းကွန်ရက်ကို တိုးချဲ့လျက်ရှိရာ မိုဘိုင်းစခန်းအသစ် ၂၇ ခု ထပ်မံဖွင့်လှစ်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့လျက်ရှိတယ်လို့ သိရပါတယ်။ ယခုကွန်ရက်တိုးချဲ့မှုအနေနဲ့ နေပြည်တော်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း(အရှေ့ပိုင်း)တို့မှာ မိုဘိုင်းစခန်းအသစ် ၂၇ ခုကို တည်ဆောက်ခဲ့တဲ့အပြင် မကွေးတိုင်းဒေသကြီးရှိ လက်ရှိ မိုဘိုင်းစခန်း ၉ ခုကိုလည်း မြန်နှုန်းမြင့် 4G LTE ဝန်ဆောင်မှုသို့ အဆင့်မြှင့်တင်ခဲ့ပြီး ဒေသခံပြည်သူများအတွက် ပိုမိုမြန်ဆန်ပြီး အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ MPT အနေနဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ MPT 4G/LTE ဝန်ဆောင်မှုကို စတင်ခဲ့ပြီးနောက် ပြည်သူများ အဆင့်မြင့်မိုဘိုင်းနည်းပညာများ အသုံးပြုလာစေရန် လျင်မြန်စွာအရှိန်မြှင့်တင်ပေးခဲ့ပြီး ယနေ့အထိ MPT ၏ အကြီးမားဆုံးသော 4G/LTE ကွန်ရက်က မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ လွှမ်းခြုံထားကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေ ၉၆ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ဖြစ်ပါတယ်။ MPT ဟာ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး KSGM က ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြတဲ့ KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေနဲ့ KDDI နှင့် Sumitomo တို့ဖြင့်ပူးပေါင်း ပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ပါတယ်။ (NVS 008)

20 Jul

ADVERTISE HERE .